Monday, December 7, 2009

မှာတမ်း

အို တိမ်လွှာ
သင်ဘယ်ကမ္ဘာကိုလွင့်
အကယ်၍ လေသင့်ခဲ့ရင်
ကျွန်ုပ်၏ ချစ်သူကိုရှာဖွေ
လွမ်းနေကြောင်း ပြောပေးပါအဆွေ....

အို လေညှင်း
သင် ဘယ်အရပ်ကိုတိုက်ခတ်
ကျွန်ုပ်ချစ်သူနဲ့များ ထိခတ်ခဲ့ရင်
တွေ့ချင်ကြောင်းပြောပေးပါ အဆွေ...

အို ဥသြပျို
သင် ဘယ်အရပ်ကိုပျံသန်း
ကျွန်ုပ်ချစ်သူရှိရာများ လှမ်းခဲ့ရင်
ကျွန်ုပ်အချစ်ကို တေးဖွဲ့ချွဲနွဲ့လို့ပြောပေးပါအဆွေ...

တိမ်လွှာမလွင့်
လေညှင်းငြိမ်သက်
ဥသြငှက်ပျို တေးမဆိုသော်
သောကလောင်မြိုက် အမိုက်တိုက်ဝယ်
ကျွန်ုပ်တစ်ယောက်ထည်း ရှိချေပြီ.......

ဧကရီ
( ၈ . ၄ . ၂၀၀၂ တက္ကသိုလ်ကျောင်းသူဘ၀တုန်းက ရေးခဲ့တဲ့ကဗျာတစ်ပုဒ်ပါ။ အခု အချိန်နဲ့ဆို ၇ နှစ်တောင် ကြာခဲ့ပြီပေါ့။ပြန်ဖတ်ကြည့်တော့လည်း ကြိုက်နေတုန်းပါပဲ။ ကိုယ့်ရင်ထဲက စာတစ်လုံးဆိုတာ ထာဝရရှင်သန်နေစမြဲဆိုတာ ဒါမျိုးပဲနဲ့တူပါရဲ့နော်....)

မောင်မောင်နှင့်တွေ့ဆုံခြင်း

ရန်ကုန် မန္တလေးရထားကို တတိယတန်းကနေ ၁၆ နာရီကြာရထားစီးလာပြီးတဲ့အချိန်မှာပဲ ကျွန်တော်မောင်မောင်နဲ့စတွေ့ခဲ့တယ်။ဘူတာအပြင်ဘက်မှာ ရပ်နေတဲ့ ခပ်ပိန်ပိန် အသက်၂၀ကျော် တင်းတိပ်ထူလပြစ် မုတ်ဆိတ်တွေနဲ့မျက်နှာပေါ်မှာ သင်္ဘောသားတွေဆောင်းလေ့ရှိတဲ့ဦးထုပ်မျိုးဆောင်းပြီး ရှပ်အဖြူ ပုဆိုးစုတ်နဲ့ မျက်နှာပေါက်ကြမ်းကြမ်း အရပ်ပုပု ကောင်လေး တစ်ယောက် ကမ္ဘာလှည့်ခရီးသွားတွေကို စောင့်နေတယ်။ သူ့ဘေးမှာက သူ့ဆိုက္ကား။ ဆိုက္ကားရဲ့ တစ်ဘက်ခြမ်းမှာ ကျွန်ုပ်၏ဘ၀ ဆိုတဲ့စာတမ်းကို ရေးထားပြီး တစ်ခြားဘက်ခြမ်းမှာ B.Sc (Maths) လို့ဆေးခြယ်ထားတယ်။ကျွန်တော်တို့ခဏလောက်ဈေးညှိပြီးတော့ ပြားနှစ်ဆယ်နဲ့မြို့တစ်ပတ်ရယ် နန်းတော်ရယ်ကို သွားဖို့ဈေးတည့်သွားကြတယ်။ ဆိုက္ကားစထွက်ပြီးတော့ အသက် ၊ ဇာတိ ၊ ဘယ်မှာနေတယ် ၊ ပညာအရည်အချင်းဘယ်လောက်ရှိတယ် ဆိုတဲ့ ပြောနေကျ လောကွတ်စကားတွေကို အပြန်အလှန်ဖလှယ်ပြီးလေပေးဖြောင့်နေကြတယ်။ ခဏလောက်ကြာတော့ ကျွန်တော့ ဆိုက္ကားဆရာက လက်တစ်ဘက်နှင့် ဆိုက္ကားကို ထိန်းရင်း တခြားလက်တစ်ဘက်နဲ့ သူ့ရှပ်အင်္ကျီအိတ်ထဲကနေ ကျောက်စိမ်းပြားတစ်ပြား ထုတ်ပြီး ကျွန်တော့ဘက်ကို ကမ်းပေးလိုက်တယ်။ ကျွန်တော်လည်း ၀တ်ကျေတမ်းကျေ ကြည့်ပြီး သူ့ဘက်ကို ပြန်ကမ်းပေးလိုက်တယ်။မောင်မောင်က လက်ဆောင်ပါ လို့ပြောလိုက်တော့ ကျွန်တော့ခေါင်းထဲမှာ လားပေါင်းများစွာ တန်းစီသွားတယ်- သူငါ့ကို အကွက်ဆင်တာလား- ထောင်ချောက်ဆင်ပြီလား- သူ့ဆီမှာတစ်ခုခုအကြွေးတင်သလိုဖြစ်အောင်လုပ်တာလား...........မောင်မောင်က ပြုံးလိုက်ပြီး "ကျွန်တော်ခင်ဗျားကို အမှတ်တရ ပစ္စည်းတစ်ခုခုရှိသွားစေချင်တယ် ဒါမှ ကျွန်တော့ကိုသတိရနေမယ် မန္တလေးကိုသတိရနေမယ်...." တဲ့။ကျွန်တော် ရုတ်တရက်ပြန်ပြောစရာ စကားလုံးရှာမရဖြစ်နေတယ်။မောင်မောင်ကဆက်ပြီး " ဒီလိုလေဗျာ တစ်ယောက်ယောက်က ကိုယ့်ကို မေတ္တာထားတယ်ဆိုရင် ကိုယ်ကလည်း သူ့ကို မေတ္တာပြန်ရှိတယ်မဟုတ်လား နယူတန်တို့ အာခိမိဒိတို့ရဲ့ ဥပဒေသတွေအတိုင်းပေါ့ဗျာ..."မောင်မောင်က ကျွန်တော်မျှော်လင့်မထားတဲ့စကားတွေကိုပြောနေပါလားသူက "ရူပဗေဒ ပညာကို လက်တွေ့ဘ၀မှာ အမြဲအသုံးချနေလို့ရတယ်ဗျ" တဲ့ ဆက်ပြောပြန်ရော။ဒါကိုကျွန်တော် သံသယမရှိပါဘူး ဒါပေမယ့် ကျွန်တော် နည်းနည်းတော့ အံ့အားသင့်နေတုန်းပဲ"ဒါနဲ့ ခင်ဗျားအခြေခံပညာကျောင်းမှာ ရူပဗေဒသင်ခဲ့ရသလားဗျ"မောင်မောင်က " မသင်ခဲ့ရဘူးဗျ ကျွန်တော်ကောလိပ်မှာသင်ခဲ့ရတာ ဒီမှာ ခင်ဗျားကြည့်လေ ကျွန်တော် မန္တလေးတက္ကသိုလ်ကနေ သင်္ချာနဲ့ကျောင်းပြီးခဲ့တာ" - မောင်မောင်က ပြောလဲပြော လက်တစ်ဘက်ကလည်း ဆိုက္ကားဘေးကစာတမ်းကို ဝှေ့ယမ်းပြလိုက်တယ်။
ကျွန်တော် ။ ။ ဒါနဲ့ခင်ဗျားကျောင်းပြီးပြီလား
မောင်မောင် ။ ။ ပြီးပြီလေဗျာ B.Sc (Maths) လေကျွန်တော် ။ ။ ဒါဆိုဘာလို့ ခင်ဗျားဒီလိုအလုပ်မျိုးလုပ်တာလဲဗျ
မောင်မောင် ။ ။ တခြားအလုပ်တွေက မလွယ်ဘူးဗျ...ဒီမယ် မြန်မာပြည်မှာ ကျောင်းဆရာမှ တစ်လ နှစ်ရာ့ငါးဆယ် ၊ မန်နေးဂျင်းဒါရိုက်တာမှ တစ်လ တစ်ထောင်လောက် ၊ သမ္မတမှ တစ်လလေးထောင်လောက်ရတာဗျ။ ကျွန်တော်လိုကောင် ဘယ်မှာဒီလောက်ပိုက်ဆံများများရှာနိုင်မလဲဗျာ။ဒါပေမယ့် ဒီအလုပ်မှာက နိုင်ငံခြားသားတွေနဲ့တွေ့ရတယ် အင်္ဂလိပ်စကားတိုးတက်တယ်။ အတွေ့အကြုံဆိုတာ အကောင်းဆုံးဆရာပဲမဟုတ်လားဗျ။ ကျွန်တော်တော့ အဲ့ဒီလိုပဲ ယုံကြည်တယ်။
ကျွန်တော် ။ ။ ခင်ဗျားမြင်းလှည်းမောင်းဖို့ကောင်းတာဗျ ဒါဆိုသေချာပေါက်ဝင်ငွေပိုရမှာ
မောင်မောင် ။ ။ ကျွန်တော်က ဗုဒ္ဓဘာဘာပါ၊ ဒီဘ၀မှာ ကျွန်တော်ကမြင်းကိုရိုက်ရင် နောက်ဘ၀မှာ ကျွန်တော်ဝဋ်လည်မှာအသေအချာပဲ
ကျွန်တော် ။ ။ ဒါဖြင့်ခင်ဗျားက ကမ္ဘာလှည့်တွေနဲ့ပဲ ၀င်ငွေရှာတော့မယ်ပေါ့...နည်းနည်းညစ်ကျယ်ကျယ်အသံနဲ့ ကျွန်တော်ပြောလိုက်တယ်။သူကတော့ ပြုံးလိုက်ရင်း -
မောင်မောင် ။ ။ ကျွန်တော် လွန်ခဲ့တဲ့နှစ်နှစ်အထိ ရွာမှာနေတုန်းက နိုင်ငံခြားသားဆိုတာ တစ်ယောက်မှမတွေ့ဘူးဘူးဗျ
ကျွန်တော် ။ ။ ဗျာ...တစ်ယောက်မှ မတွေ့ဖူးဘူးဟုတ်လား...မောင်မောင်က ရုပ်ရှင်ထဲမှာပဲမြင်ဘူးတယ်ဗျ လို့ပြုံးရင်းနဲ့ကျွန်တော့်ကိုပြန်ပြောတယ်။ဘယ့်နှယ်တက္ကသိုလ်ဘွဲ့ရတစ်ယောက်က ခုလိုအလုပ်ကြမ်းမျိုးလုပ်နေရပါလိမ့် ကျွန်တော့ခေါင်းထဲမှာ ပဟေဋိ တွေနဲ့ နောက်ကျိရှုပ်ထွေးနေတယ်။မောင်မောင်က ဆိုက္ကားလက်ကိုင်ကို လက်တစ်ဘက်နဲ့ထိန်းကိုင်ထားရင်း ရှေ့ခြင်းထဲက သားရေဖုံးနဲ့စာအုပ်ထူကြီးတစ်အုပ်ကို လက်တစ်ဘက်နဲ့ယူပြီး ကျွန်တော့ကို ကမ်းပေးလိုက်တယ်။တံဆိပ်ခေါင်းတွေ ဒါမှမဟုတ် အမှတ်တရပစ္စည်းတွေများလား အထိတ်တလန့်စဉ်းစားရင်းကျွန်တော် စာအုပ်ကိုဖွင့်လိုက်တယ်။အဖြူအမဲဓါတ်ပုံတွေပါလား ပုံအောက်တွေမှာလည်း အင်္ဂလိပ်စာနဲ့ ကျောင်းအုပ်ဆရာကြီး ၊ ဆရာတော်ဘုရား ၊ သူငယ်ချင်း ၊ သူငယ်ချင်းရဲ့ချစ်သူ စတာတွေရေးထားတယ်
ကျွန်တော် ။ ။ မောင်မောင့် ချစ်သူ ကကော
မောင်မောင် ။ ။ ကျွန်တော့မှာ ချစ်သူရှိခဲ့တယ် ခုသူ ကျွန်တော့ အသည်းကိုခွဲပြီး နောက်တစ်ယောက်နဲ့တွဲသွားပြီ ကျွန်တော်လည်း သူ့ဓါတ်ပုံကို ဖြဲပစ်လိုက်တယ်။သားရေဖုံးစာအုပ်ကြီးရဲ့နောက်ဖက်မှာ မောင်မောင့်ရဲ့ ခံယူချက်တွေကို အင်္ဂလိပ်စာနဲ့ သေသေချာချာရေးထားတယ်- အကြမ်းဖက်မှုမှ ရှောင်ကြဉ်ရန်- မှားယွင်းသော မေထုန်အမှုမှ ရှောင်ကြဉ်ရန်- သတ္တ၀ါများအား ညှင်းပန်းနှိပ်စက်ခြင်း သတ်ဖြတ်ခြင်းမှမှ ရှောင်ကြဉ်ရန်- ကူညီရန်လိုအပ်သူများကို အစဉ်သဖြင့်ကူညီရန်- သတ္တ၀ါများအား အစဉ်သဖြင့် မေတ္တာထားရန်ဒါတွေအားလုံးကို အမြဲလိုက်နာနိုင်ဖို့ဆိုတာမလွယ်ဘူး ကျွန်တော် ခြောက်ကပ်ကပ်ပြောလိုက်မိတယ်။
မောင်မောင်က " ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ကြိုးစားရမယ်။ ဆရာတော်က ထမင်းအဖျော်အလိုရှိသူတွေကို ငွေကြေးလှူဒါန်းရမယ်လို့အမြဲဆုံးမတယ်။ တကယ်လို့ မကောင်းသောလောင်းကစားလုပ်ဖို့အတွက် ငွေလိုတဲ့သူတွေဆိုရင်တော့ ကျွန်တော်ဘာ တစ်ပြားမှ ပေးမှာမဟုတ်ဘူး။ ဆရာတော်က ကိုယ့်ကိုနှိပ်စက်တဲ့သူတွေ ထိခိုက်စေတဲ့သူတွေကိုတောင် အမြဲခွင့်လွှတ်ရမယ်လို့ ဆုံးမတယ်။ ဘာနဲ့တူသလဲဆိုတော့ ဘောလုံးတစ်လုံးကို နံရံကိုပစ်လိုက်တဲ့အခါ အဲ့ဒီဘောလုံးက ကိုယ့်ဆီကိုပဲ တန်ပြန်လာတယ်မဟုတ်လား။ တကယ်လို့ ဘောလုံးထဲမှာ လေထည့်မထားရင်ကော ဘာဖြစ်မလဲ - ပိန်ချိုင့်တဲ့ဘောလုံးဟာ နံရံမှာပဲကပ်နေမှာပေါ့။ "ကံကံ၏အကျိုးပါ။ကျွန်တော့စိတ်ထဲမှာ မောင်မောင်ကလွဲပြီး တခြားသင့်တော်တဲ့ ဧည့်လမ်းညွှန် မရှိနိုင်တော့ဘူးလို့ထင်လာတယ်။ သူ့ကို ပြောကြည့်တော့ မောင်မောင်က " ရပါတယ်ဗျာ ကျေးဇူးလည်းတင်ပါတယ် ဒါပေမယ့် အခု လောလောဆယ် ကျွန်တော့်အိမ်ကို အရင်ခေါ်သွားချင်တယ်"အား.....ဒါအကွက်ဆင်တာပဲ ဖြစ်မယ် ။ သူ့အိမ်က မြို့စွန်မှာလား ။ လူသူလေးပါးကင်းတဲ့နေရာမှာလား။ ငါသူ့အိမ်ထဲရောက်တာနဲ့ ငါ့ကို လက်ဖက်ရည်ထဲမှာဆေးခတ်တာပဲဖြစ်ဖြစ် ဓါးနဲ့ထောက်ပြီးပဲဖြစ်ဖြစ် သူ့အပေါင်းအသင်းတွေကို ခေါ်ါပြီးတော့ပဲဖြစ်ဖြစ် တစ်စုံတစ်ရာလုပ်နိုင်တာပဲ။ မောင်မောင့်ရဲ့ ဖော်ရွေမှုဟာ ဒီလိုအဆုံးသတ်မျိုးမဟုတ်ဘူးဆိုတော ကျွန်တော် အတော်လေးနောက်ကျမှ သိလိုက်ရတယ်။မောင်မောင့်ဆိုက်ကားပေါ်ထိုင်လိုက်သွားရင်းလဲ အဲ့ဒီသံသယစိတ်က မပျောက်သေးပါဘူး။ သူကတော့ လမ်းကြိုလမ်းကြား အိမ်ငယ်လေး တဲကြားလေးတွေကနေ တရိပ်ရိပ်နဲ့ဖြတ်နင်းသွားနေတယ်။ အရှေ့မှာမြက်တွေပေါက်နေတဲ့ တဲငယ်တစ်လုံးရဲ့ရှေ့ကိုရောက်တော့ ဆိုက္ကားကိုရပ်လိုက်ပြီး ဆင်းလိုက်တယ်။ နောက်တော့ ဟန်ပါပါပြုံးရင်း ကျွန်တော့်ကို အိမ်ထဲဝင်ဖို့ဖိတ်ခေါ်ပါတော့တယ်။တဲထဲမှာ ကြည့်စရာဆိုလို့ ဘာမှ များများစားစားမရှိပါဘူး။ ခေါက်ကုတင်တစ်လုံးပေါ်မှာ ကိုယ့်လက်ကိုကိုယ်ခေါင်းအုံးပြီးတော့ အိပ်နေတဲ့လူတစ်ယောက်ရှိတယ်။ နောက်ထပ်ခေါကကုတင်တစ်လုံးပေါ်မှာ ကျွန်တော့ကို မောင်မောင်က ထိုင်ခိုင်းလိုက်ပြီးတော့ သူ့ရဲ့ အခန်းဖော်နဲ့ ကျွန်တော့ကိုမိတ်ဆက်ပေးတယ်။တစ်ခုထည်းသော တခြားပရိဘောဂပစ္စည်းကတော့ ကျောက်သင်ပုန်းတစ်ချပ်ပါ။ အဲ့ဒီကျောက်သင်ပုန်းပေါ်မှာတော့ မောင်မောင့်ရဲ့ ကမ္ဘာလှည့် ခရီးသွားတွေနဲ့ပတ်သက်တဲ့ စာတမ်းတွေ " ကမ္ဘာလှည့်ခရီးသည်များသည် ငါ၏ထမင်းရှင်များဖြစ်ကြသည်။ငါအနေနှင့် သူတို့အား တတ်နိုင်သရွေ့ကူညီပေအံ့။အကယ်၍ သူတို့၏ မေတ္တာတရားနှင့် ရိုးသားမှုကို နားလည်လျက်နှင့် ငါမကူညီပါက သူတို့သည်ငါ့အားခွင့်လွှတ်လိမ့်မည်မဟုတ်။ ငါ့တွင် ငွေကြေးအလုံအလောက်မရှိသော်လည်း တစ်နေ့တွင် သူတို့၏ကျေးဇူးကို ငါတုံ့ပြန်ရပေမည်။ "ကျွန်တော်ထိုင်ချလိုက်တဲ့အချိန်အထိ နောက်ကို ဘာတွေဆက်ဖြစ်ဦးမယ်ဆိုတာ ကျွန်တော်မရေရာသေးဘူး။ ခဏနေတော့ကျွန်တော်တို့ ရောက်တတ်ရာရာတွေ လျှောက်ပြောဖြစ်ကြတယ်။မောင်မောင်ကပြောတယ် သူတို့ရဲ့ဒီအိမ်လေးက တစ်လကို သုံးဆယ် ( USD 4) ပေးရတယ်တဲ့။ သူ့ရဲ့ အခန်းဖော်ကလည်း ဘွဲ့ရတစ်ယောက်ပဲ ။ သူကအလုပ်မရှိဘူး။ ညတိုင်းအရက်သောက်တယ်။ ခဏကြာတော့ ကျွန်တော့ရဲ့ မောင်မောင်က သူ့ကုတင်ဘေး ကြမ်းပြင်ပေါ်ကိုသွားပြီး သူတမြတ်တနိုးတန်ဘိုးထားပုံရတဲ့ အရာနှစ်ခုကိုယူလာတယ်။သတိကြီးစွာထားပြီး ပထမတစ်အုပ်ကို လှမ်းပေးလိုက်တယ်။ Life in Modern America ဆိုတဲ့ Australia နိုင်ငံထုတ်စာအုပ်တစ်အုပ်ပါ။ ကျမ်းစာစာအုပ်အလား တရိုတသေကိုင်တွယ်ပြီး ပေးလိုက်တဲ့နောက်တစ်အုပ်ကတော့ ၀ါရော်ဟောင်းနွမ်းနေပြီဖြစ်တဲ့ အင်္ဂလိပ်မြန်မာ အဘိဓါန်တစ်အုပ်။ အဖုံးပေါ်က အ၀ါရောင်စာရွက်တွေတောင်ကွာကျလို့။
မောင်မောင် ။ ။ ညတိုင်းကျွန်တော်ဆိုက်ကားနင်းပြီးလို့ စာတွေဖတ်တဲ့အခါတိုင်း မသိတဲ့စာလုံးတွေဆို ဒီမှာကြည့်ရတာဗျစာအုပ်ရဲ့ မျက်နှာဖုံးအတွင်းဘက်မှာလည်း နမူနာစာကြောင်းတချို့ကိုသူရေးထားသေးတယ်။မောင်မောင့်ဟာ ယုံကြည်ဖို့ကောင်းတဲ့လူတစ်ယောက်လို့ ကျွန်တော်ခံစားမိလာတယ်။ ဒါပေမယ့် ကိုယ်မဖတ်ရသေးတဲ့ဇတ်ညွှန်းကို သရုပ်ဆောင်နေရတဲ့ မင်းသားတစ်ယောက်လိုပဲ ကျွန်တော် စမ်းတ၀ါးဝါးဖြစ်နေတုန်းပဲ။ဒါနဲ့ပဲ အနည်းငယ် စိတ်မသက်မသာဖြစ်တဲ့အသံနဲ့ " ကျွန်တော်တို့သွားသင့်ပြီထင်တယ် မန္တလေးမြို့ရဲ့ အလှအပတွေကို နေမ၀င်ခင် ကျွန်တော်ကြည့်ချင်သေးတယ် " လို့ပြောလိုက်တယ်။
မောင်မောင်က တစ်ချက်ပြုံးလိုက်ပြီး " စိတ်မပူပါနဲ့ဗျာ ကြည့်ရမှာပါ အချိန်ဘယ်လောက်ကြာမယ်ဆိုတာကို ကျွန်တော်ကောင်းကောင်းသိပါတယ်။ မသွားခင်မှာ ခင်ဗျားကို ဒါလေးကိုကြည့်စေချင်သေးတယ် " လို့ပြန်ပြောတယ်။သူ့အိပ်ရာအောက်ကနေ တစ်စုံတစ်ခုကိုသူဆွဲထုတ်လိုက်တယ်။ သေချာပါတယ်ဗျာ ဒါသူ့ရဲ့ ရတနာတွေထဲမှာ သူတန်ဖိုးအထားဆုံးအရာပါ။ ရှက်ကိုးရှက်ကန်းရော ဂုဏ်ယူတဲ့အမူအရာတွေပါ ရောထွေးနေတဲ့မျက်နှာပေးနဲ့ သူကျွန်တော့ကို လှမ်းပေးလိုက်တယ်။ ထူထဲတဲ့ အနက်ရောင် မှတ်စုစာအုပ်တစ်အုပ်ပါ။ အဖုံးပေါ်မှာ ဘာများရေးထားမလဲလို့ ကျွန်တော်ကြည့်လိုက်တယ်။ ဘာမှမတွေ့ပါဘူး။ ဒါနဲ့အတွင်းကို ဖွင့်လိုက်တော့ အက္ခရာစဉ်နဲ့ စီစဉ်ထားတဲ့ ခရီးသွားတွေရဲ့ အမှတ်တရစာကြောင်းတွေ။ အားလုံးက ရက်စွဲနဲ့ သေသေချာချာ အမှတ်တရရေးပေးထားကြတာတွေ့ရတယ်။ တချို့စာမျက်နှာတွေမှာ မှတ်ပုံတင်မှာကပ်တဲ့အရွယ်အစား ဓါတ်ပုံလေးတွေ ကပ်ထားတာတွေ့ရတယ်။ဒီပုံလေးတွေမြင်တိုင်း ခရီးသွားတွေကို မောင်မောင်တစ်ယောက် သတိရနေမှာသေချာတယ်။စာအုပ်ဆုံးခါနီးမှာ နှစ်မျက်နှာစာရှိတဲ့ အက်ဆေးတစ်ပုဒ်ရှိတယ်။ သန့်ရှင်းမှန်ကန်တဲ့ အင်္ဂလိပ်သဒ္ဒါ နဲ့မောင်မောင်ကိုယ်တိုင်ရေးထားတဲ့ ကျောက်မျက်ရတနာလမ်းညွှန်ပါ။နောက် "For You" နဲ့ " For Tourist" ဆိုတဲ့ စာနှစ်ပိုဒ်ကို လည်းတွေ့တယ်။ မောင်မောင်က ခရီးသွားတွေကို လှည့်စားတတ်သူတွေအကြောင်းနဲ့ မန္တလေးရဲ့ အလှအပတွေ သမိုင်းကြောင်းတွေအကြောင်းကို ပြောပြထားတာပါ။ နောက်ပြီး ယုံကြည်ထိုက်တဲ့သူတစ်ယောက်အဖြစ် သူ့ကိုယ့်သူ သက်သေမပြနိုင်မချင်း သူ့ကိုမယုံပါနဲ့လို့လည်းမောင်မောင်က ပြောထားပါသေးတယ်။သူ့ရဲ့စေတနာတွေကို ကျွန်တော်သတိပြုမိသွားတယ်။ " ဒါတွေရေးဖို့ ခင်ဗျားအတော်အချိန်ယူခဲ့ရမှာပဲနော် " လို့ဆိုတော့ သူက ရှက်ပြုံးပြုံးလိုက်ရင်း "အင်း ဒါပေါ့ဗျာ ကျွန်တော် dictionary ကိုခဏခဏ ကြည့်ခဲ့ရတာဗျ .. ဒါပေမယ့် ခရီးသွားတွေကို ခုလိုကူညီရတာ ကျွန်တော် တကယ်ဝမ်းသာတယ်ဗျ" လို့ပြန်ပြောတယ်။စာအုပ်ဆီကို အာရုံပြန်ရောက်သွားရင်း စာအုပ်ရဲ့ အဆုံးပိုင်းမှာ သေချာရေးထားတဲ့ စာမျက်နှာလေးမျက်နှာစာ " ကျွန်တော့ရဲ့ အကြောင်း" ဆိုတဲ့ မောင်မောင့်အကြောင်းကိုတွေ့လိုက်ရတယ်။မောင်မောင်ဟာ ရွာငယ်လေးတစ်ရွာမှာ မွေးဖွားခဲ့ပြီး မောင်နှမဆယ်ယောက်မှာ အကြီးဆုံးသားပါ။ သူ့အမေက စာမတတ်ခဲ့ဘူး။ သူမရဲ့ စာမတတ်မှုကြောင့် မျက်စိကွယ်နေသူလိုပဲ အသိအမြင်မရှိဖြစ်ခဲ့ရတယ်လို့ ခံစားခဲ့ရတဲ့ မောင်မောင့်အမေက သူ့သားသမီးတွေကို ပညာတတ်ကြီးတွေဖြစ်စေချင်ခဲ့တယ်။ ဒါပေမယ့် မလွယ်ခဲ့ပါဘူး ။ မောင်မောင့်အဖေက တစ်လကို ၃၀၀ ကျပ်ပဲဝင်ငွေရှိတယ် သာမာန်လယ်သမားတစ်ယောက်။ အကြီးဆုံးသားမောင်မောင် တစ်ယောက်ကတော့ ရွာမှာပဲ အခြေခံပညာကိုပြီးဆုံးနိုင်ခဲ့တယ်။နောက်တော့ မောင်မောင်က တက္ကသိုလ်တက်ချင်တဲ့အကြောင်း ပြောခဲ့တယ်။ မိဘတွေက မတတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် မောင်မောင်က ပညာကိုဆက်သင်ဖို့ဆုံးဖြတ်ခဲ့တယ်။ မောင်မောင်က သူ့မှာ ခြေလက်ဦးနှောက်ရှိတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်မယ်ဆိုပြီး မန္တလေးကို တက်လာခဲ့တယ်။ မိဘတွေက နေရပ်ကိုစွန့်ပြီးထွက်ခွာသွားတဲ့မောင်မောင့်ကို တစ်နှစ်လောက်စကားမပြောခဲ့ကြဘူး။မန္တလေးမှာ မောင်မောင့် ဇတ်လမ်းဆက်ခဲ့တယ်။ သူ့ရဲ့ပထမဆုံးအလုပ်ကို မြေကျွင်းတူးတာကနေစခဲ့ရတယ်။ တစ်ကျွင်းကိုလေးကျပ်ရတယ်။ နောက်တော့ အ၀တ်လျှော်တဲ့အလုပ်လုပ်တယ်။ နောက်တစ်ခါ ဘုန်းကြီးကျောင်းကို သွားပြီး အ၀တ်လျှော် ပန်းကန်ဆေးလုပ်ပြီး နေစရာနဲ့ စားစရာအတွက် ဖန်တီးခဲ့ရတယ်။ နောက်ဆုံးမှာတော့ သူညဘက်ဆိုက်ကားနင်းတဲ့အလုပ်ကို လုပ်ခဲ့တယ်။ဒီသတင်းကိုကြားတဲ့ မောင်မောင့်မိဘတွေက ထိတ်လန့်သွားခဲ့တယ်။"ကျွန်တော် ပြည့်တန်ဆာတွေနဲ့တွေ့ပြီး ပျော်ပါးမှာ သူတို့စိုးရိမ်ကြတယ်။ လူတိုင်းကလည်း ဆိုက်ကားသမားဆို အထင်သေးတယ်လေ။ တခြားဆိုက်ကား ဆရာတွေကလည်း ကျောင်းသားဖြစ်တဲ့ကျွန်တော့ကို မျက်မုန်းကျိုးကြတယ်။ကျွန်တော်သူတို့နဲ့ ရန်မဖြစ်ချင်ဘူး။ ဒါပေမယ့် သူတို့ညစ်ညစ်ညမ်းညမ်းဆဲတာ ပြည့်တန်ဆာတွေနဲ့သွားတာတွေကိုတော့ ကျွန်တော် မနှစ်မြို့ဘူး။" လို့မောင်မောင်ကပြောတယ်။ဘွဲ့ရပြီးတော့ တစ်နေ့ကို ခုနစ်ကျပ်နဲ့ ဆိုက်ကားတစ်စင်းကို အချိန်ပြည့်ငှားလိုက်ဖို့ မောင်မောင်ဆုံးဖြတ်လိုက်တယ်။ တစ်ခါတစ်လေ တစ်ကျပ်တောင်မရတဲ့နေ့တွေရှိတယ်။ တစ်ခါတစ်လေ နိုင်ငံခြားသား တစ်ယောက်တစ်လေများလာမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆိုက်ကားပေါ်မှာ တစ်ညလုံးအိပ်ပျော်ခဲ့ရတဲ့ ရက်တွေလည်းရှိခဲ့တယ်။ဆင်းရဲတဲ့မောင်မောင်တစ်ယောက် ကြိုးစားရင်းနဲ့ပဲ သူ့ဖခင်ထက် ပိုကောင်းတဲ့ ၀င်ငွေကို ရှာနိုင်ခဲ့တယ်။ အရေးကြီးဆုံးကတော့ သူ မိတ်ဆွေတွေ အများကြီးရခဲ့တယ်။ ဆိုက်ကားနင်းနေရင်းနဲ့ပဲ အင်္ဂလိပ်စာကို သူလေ့လာနိုင်ခဲ့တယ်။မောင်မောင်ရဲ့အိပ်မက်က သူ့ကိုယ်ပိုင်ဆိုက်ကားတစ်စင်း ၀ယ်နိုင်ဘို့။ တန်ဘိုးက USD 400 လောက်ရှိမယ်။ မောင်မောင်ရဲ့ အကြီးမားဆုံးရည်မှန်းချက်ကတော့ သူ့တစ်နေ့မှာ သင်္ချာပညာနဲ့ပတ်သက်တဲ့ ဘွဲ့လွန်လက်မှတ်တစ်ခုရဖို့။ ဝေးလှတဲ့ အဲ့ဒီအနာဂါတ်အတွက်ပဲ မောင်မောင်က အသေးစိတ်အစီအစဉ်တွေဆွဲပြီးနေပြီ။"ကျွန်တော် ဘွဲ့လွန်ယူတဲ့နေ့ကျရင် တက်စီတစ်စင်းငှားမယ်။ အနောက်တိုင်းဝတ်စုံတစ်စုံဝတ်မယ်။အဖေနဲ့အမေကိုခေါ်မယ်။ သူတို့မန္တလေးလာဖို့ စားရိတ်ကိုကျွန်တော်ပေးမယ်။ ဒါကုန်ကျစားရိတ်များမယ်မှန်းကျွန်တော်သိတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဖေနဲ့အမေရဲ့ ကျေးဇူးကို ကျွန်တော် ဆပ်ရမယ်။ သူတို့ကို ကျွန်တော် ချစ်တယ်။"ကျွန်တော်စာဖတ်ပြီးသွားတော့ မောင်မောင်က ကျွန်တော့ကို ကျေးဇူးတင်တဲ့အပြုံး နဲ့တုန့်ပြန်တယ်။ အဲ့ဒီနောက်တော့ သူ့ကတိအတိုင်း ကျွန်တော့်ကို မန္တလေးမြို့အနှံ့ လိုက်ပို့ခဲ့ပါတယ်။

မှတ်ချက်။ ။ The Kindness of Strangers စာအုပ်မှ Pico Lyer ရဲ့ Meeting with Maung Maung ကို ဘာသာပြန်ပါတယ်။မူရင်းစာရေးဆရာ Pico Lyer ဟာ ယဉ်ကျေးမှု တွေကြားက အချစ်ဇတ်လမ်းတွေကို ရေးဖွဲ့သူပါ။ သူ့လက်ရာတွေကVideo Night in Kathmandu , The lady and the Monk , The Global Soul နဲ့ Abandon ဆိုတဲ့စာတွေပါ။ Lyer ကအခု ဂျပန်မှာ နေထိုင်နေပါတယ်။စာကြည့်တိုက်မှာ ဒီစာအုပ်ကို တွေ့တော့ မြန်မာပြည်အကြောင်းပါတာမို့ ငှါးဖြစ်ခဲ့တယ်။ နောက်ပြီးတတ်သလောက်ဘာသာပြန်ပြီး ဒီမှာတင်လိုက်တာပါ။ တကယ်လို့ တစ်စုံတစ်ရာမှားခဲ့တယ်ဆိုရင် ဘာသာပြန်တဲ့ကျွန်မရဲ့ မကျွမ်းကျင်မှုကြောင့်ပဲဖြစ်မှာပါ။

ကျေးဇူးတင်စွာဖြင့်
ဧကရီ