Tuesday, November 1, 2011

အထီးကျန်

လွမ်းစရာ ဘာမှ မရှိတာထက်
လွမ်းစရာ တစ်ခုတစ်လေရှိတာက ပိုကောင်းပါတယ်

ချစ်စရာ ဘာမှ မရှိတာထက်
ချစ်စရာ တစ်ခုတစ်လေရှိတာက ပိုကောင်းပါတယ်

တွယ်တာစရာ ဘာမှ မရှိတာထက်
တွယ်တာစရာ တစ်ခုတစ်လေရှိတာက ပိုကောင်းပါတယ်

အပြစ်ကင်းတဲ့ ချစ်ခြင်း
သန့်စင်တဲ့ အတွယ်အတာ
ကြည်နူးစရာ အလွမ်း
တမ်းတမ်းတတပြုံးနေတုန်း
အို...ဗြုန်းဆို...မိုးတွေရွာလာပါရောလား.....။


ဧကရီ

Monday, October 31, 2011

အံသွား

နှုတ်ပစ်လိုက်ပြီ
အံ့သြဖို့တော့အကောင်းသား... နာနေတာက ညာဘက်အောက်နောက်ဆုံးက အံသွားနဲ့ သွားဖုံး..နှုတ်လိုက်ရတာက ညာဘက်အပေါ်နောက်ဆုံးကအံသွား... ဆရာဝန်မကပြောတာတော့ အပေါ်သွားက ရှည်ပြီး အောက်သွားဖုံးကို လာကြိတ်ဝါးနေလို့ အောက်က နာတာတဲ့... စောစောစီးစီး အပေါ်ကို မနှုတ်ရင် အောက်သွားကို ခွဲပြီးနှုတ်ရမယ်ဆိုပဲ... အမလေးလေး...  ကြောက်သွေးတွေတောင်ဖြာကနဲဖြစ်သွားသလိုပဲ...သတ္တိကလည်း နည်းတယ်လေ...
ကိုယ်လည်းသူ့ကို တတ်နိုင်သ၍ မနှုတ်ရအောင် သွေးဆောင်တာပါပဲ... သူကလည်း မနှုတ်ချင်ရပါတယ် ဆေးသောက် ပျောက်တော့ မပျောက်ဘူး ပြန်နာမှာပဲတဲ့... ကဲ... နောက်ဆုံး အရှုံးပေးလိုက်ပါတယ်... နှုတ်လိုက်ပါ အမရယ်ပေါ့... အောက်အံသွားကိုမှ ခွဲပြီးမနှုတ်ချင်တာ.. ခွဲပြီး နှုတ်ရတဲ့ အထိမှ မရောက်ချင်တာ...

ကြောက်တာတော့ ကြောက်တာပါပဲ... တစ်ယောက်ထည်း အားကိုးလည်းမရှိ... အားငယ်မိတယ်ပဲ ဆိုရမလား... ဝမ်းနည်းမိတယ်ပဲ ဆိုရမလား.... မြန်မာပြည်ပြန်ပြီး အမေ့ကိုခေါ် ဆေးခန်းသွားရအောင်လည်း အဲ့လောက် အသည်းငယ်နေဖို့ အခြေအနေကမှ မပေးတာပဲလေ...

ဒီလိုပါပဲ ရှောင်လွှဲလို့မရတာတွေကို ရင်ဆိုင်ရတာပဲ မဟုတ်လား... ဒီလိုလုပ်မှပျောက်မယ်ဆိုရင် ပျောက်မယ့်လမ်းကိုရွေးရုံပေါ့ ... No Choice လို့တော့မပြောချင်ပါဘူး... မနှုတ်ဘူးလို့ ခေါင်းမာလဲ ရတာပဲလ.. အကျိုးဆက်ဆိုတာကတော့ သူ့ဘာသာ ရှိမှာပဲပေါ့...

အမှန်က ဒီအရွယ်သာရောက်တာ.. ညာဘက်အောက်ဆုံးက wisdom teeth လို့ခေါ်တဲ့ အံဆုံးက မပေါက်သေးတော့ သူထွက်လာလို့နာတယ်ပဲထင်တာ... ဆရာဝန်မကလည်း သွားဖုံးအောက်မှာ သွားတစ်ချောင်းရှိသေးတယ်တဲ့... အင်း ... ထွက်လာရင် ဘာဖြစ်ဦးမလဲ... မထွက်လဲရတဲ့ သွားပဲလေ... မထွက်လို့ ဒုက္ခ မရောက်ဘူးဆို တစ်သက်လုံးထွက်မလာပါနဲ့တော့...

သွားစိုက်ရင် ဘယ်လောက်ကျမလဲ ... တစ်ချောင်းကို စင်ကာပူ ၃၀၀၀ .... ရူးကြောင်ကြောင်တောင်ဖြစ်ချင်သွားတယ်.... ၄ လခွဲပေးလို့ရမယ်တဲ့... အမေရေ.. သမီးသွားတစ်ချောင်းစိုက်ဖို့ အိမ်ကို ၄ လလောက် ပိုက်ဆံပို့နိုင်မယ်မထင်ဘူး.... ဟူး....မောလိုက်တာ... သွားနှုတ်တာထက်တောင် ကြောက်စရာကောင်းသေးပါလား... မြန်မာပြည်မှာဆိုရင်ရော ဘယ်လောက်တောင် ကုန်မှာလဲ... တွေးပဲ မတွေးရဲတော့ဘူး.... အင်း.... ဇရာ ဇရာ .... (ဟင်...ဒါတော့နည်းနည်းများသွားပြီထင်တယ်...)

မနက်ဖြန် MC ပေးလိုက်တယ်... ကောင်းတယ်ပဲပြောရမှာပေါ့.. ကောင်းကောင်းနားလိုက်တဲ့.... ဟုတ်ကဲ့... ဟုတ်ကဲ့...

၂၁ ရက်နေ့ cleaning လုပ်ဖို့ date ယူခဲ့သေးတယ်... နောက်တစ်ခေါက် သွားရဦးမယ်.....

ဒါကြောင့်ပြောတာ... ကြာကြာဝါးမယ့်သွားအရိုးကြည့်ရှောင်ရမယ်ဆိုတာ... Maintenance က အရေးကြီးတာလေ....။

ဧကရီ



Sunday, October 30, 2011

ကထိန်

ဒီနေ့ ( ၃၀.၁၀.၂၀၁၁ ) ညောင်ကန်အေးဘုန်းကြီးကျောင်းက ကထိန်ကိုသွားဖြစ်တယ်
ကထိန်သက်န်းဒွိစုံကို 30 sgd နဲ့ လှူဒါန်းဖြစ်ခဲ့တယ်
အင်း...အိမ်မှာ မေမေတို့ရော လှူပြီးကြပြီလား စဉ်းစားမိသေးတယ်
ဒီနေ့ဖုန်းဆက်တာ လိုင်းက မကောင်းတာနဲ့ ကထိန်သင်္ကန်းကပ်တဲ့ အကြောင်းပြောတဲ့ဆီတောင် မရောက်လိုက်ဘူး
pfingo ကလဲ လိုင်းမကောင်းဘူး ... ဖုန်းကဒ်နဲ့ခေါ်ပြန်တော့လည်း ကဒ်က မကောင်းဘူး... နောက်ဆုံး ဖုန်းက ကျသွားတယ်... စိတ်ညစ်ပါတယ်... ဖုန်းကဒ်တွေ ခေါ်လို့မရပဲ ပိုက်ဆံတွေဖြတ်ဖြတ်သွားရင် ငိုချင်တယ်... ဟင်း.... မတတ်နိုင်ဘူးလေ... မသုံးလို့မှ မရတာ... နောက်ဆုံးတော့ 1818 ပဲ ကောင်းမယ်ထင်ပါတယ်... မိနစ်များများမရလဲ သုံးရတာ စိတ်ချမ်းသာတယ်... ဟင်း ဟင်း... အလိုကြီးအရနည်းတာဖြစ်မယ်... မချိပြုံးပဲ ပြုံးရတော့မယ်....

အင်း.... ကထိန်ဆိုမှ... ဘုန်းကြီးကျောင်းမရောက်တာ တော်တော်ကြာပြီပဲ....
အလုပ်များတာ ပင်ပန်းတာတွေအကြောင်းပြပြီး တရားသွားမထိုင်ဖြစ်တာ ကြာနေပြီ...
ကိလေသာတွေ ကိလေသာတွေ... လောဘ ဒေါသ မောဟတွေ များနေတာ....အသိခေါက်ခက် အဝင်နက်တယ် ဆိုတဲ့ အဖွားပြောနေကျစကားကို သတိများရမိသေးတယ်... အဟက်

ဓါတ်ပုံလား... မရိုက်ဖြစ်ခဲ့ဘူး... ပြောရဦးမယ်... သွားက နာနေတယ်လေ... အံသွားမို့လားမသိ ပခုံးတွေရော ခေါင်းတွေရော နာနေသလိုပဲ...ဆိုးတယ်... စိတ်က မကြည်ဘူး... ဓါတ်ပုံရိုက်ဦး facebook တင်ဦး မလုပ်နိုင်ဘူး မလုပ်ချင်ဘူး...

ကထိန်တောင် သင်္ကန်းကပ်ချင်တာကြောင့်သာ အားတင်းသွားရတာ... ဆေးလား..သောက်တယ်လေ...
ဆေးခန်း... မနက်ဖြန်ညနေသွားရဦးမယ်... မောပါတယ်... တကယ်ပြောတာ...

ကဲ .. အခုလား... နားတော့မယ်... ဆေးထပ်သောက်ပြီး အိပ်တော့မှပါ... သက်သာမှဖြစ်မှာပါလေ....။

ဧကရီ


တစ်ရေးနိုး

ဘလော့လား... မရေးဖြစ်တာကြာပေါ့
အကြောင်းလား... ပျင်းနေတာလေ
ကြည့်ဖြစ်လားဆိုတော့... ကိုယ့်ဘလော့ပဲ နေ့တိုင်းဝင်ကြည့်တယ်...ဟီးးး
ဘာလုပ်တာလဲဆိုတော့....ချိတ်ထားတဲ့လင့်တွေကနေ သူများတွေရေးထားတာတွေလျှောက်ဖတ်တာလေ...
အော်...စာဖတ်တယ်ဆိုတာ ဗဟုသုတတိုးပွါးတယ်မဟုတ်လား...အမှန်အတိုင်းပြောရရင် ဘလော့တွေလည်ပြီးစာဖတ်ရင်း ကိုယ်လည်း ရေးချင်စိတ်ဖြစ်ပါတယ်.... ပြီးတော့တစ်ခါ ငါရေးလည်းဘာမှ အကျိုးရှိတာတွေ မပါပါဘူးလေ ဆိုပြီး စိတ်ဓါတ်က ပြန်ကျသွားပြန်တယ်..
နောက်တော့တစ်ခါ ရေးဦးမှပါဆိုပြီးစဉ်းစားတယ်...ပြီးတော့တစ်ခါ ပျင်းပြန်တယ်...။

ခုတော့တစ်ခါ စာရေးတာ ကောင်းတဲ့ အလေ့အထ တစ်ခုပါဆိုပြီး စာပြန်ရေးဖို့ ကြိုးစားပြန်တယ်...
ကောက်ရိုးမီးလို ဟုန်းကနဲတောက်ပြီး ငြိမ်းသွားပြန်ဦးမလားတော့ မသိဘူး...
ဖွဲမီးဖြစ်အောင် ကြိုးစားရပြန်ဦးမယ်...ပျင်းနေလို့တော့ ဘာမှဖြစ်မလာဘူးလေ...။

ဧကရီ










Friday, June 10, 2011

ကျင့်ဝတ်

လင့်ကျင့်ဝတ်ငါးပါး

မထီမဲ့ကင်း ၊ အပ်နှင်းဥစ္စာ ၊ မစ္ဆာမမှား ၊ ဝတ်စားဆင်ယင် ၊ မြတ်နိုးကြင် ၊ ငါးအင်လင်ကျင့်ရာ။

မယားကျင့်ဝတ်ငါးပါး

အိမ်တွင်းမှုလုပ် ၊ သိမ်းထုပ်သေချာ ၊ မိစ္ဆာကြည်ရှောင် ၊ လျော်အောင်ဖြန့်ချိ ၊ ပျင်းရိမမှု ၊ ဝတ်ငါးဆူ ၊
အိမ်သူ ကျင့်အပ်စွာ။

ဧကရီ