Sunday, May 16, 2010

မိုးအိပ်မက်

ကောင်းကင်ပြင်သည် ပြာရာမှ ညို ၊ ညိုရာမှ မှိုင်း ၊ မှိုင်းရာမှ မှောင်လာသည်။

လေအဝေ့တွင် မိုးငွေ့တို့က ကလူသလို မြှူသလိုပြုလာကြသည်။

ခုနကပင် နေကျဲကျဲတောက်ပူပြင်း နေသေးသည်။ ဒီနိုင်ငံမှာ မိုးဆိုသည်မှာ အချိန်မရွေး ရွာနိုင်သောအရာတစ်ခု။
မိုးဥတုဟု တစ်ခု သတ်သတ်မှတ်မှတ်မရှိ။ အီကွေတာ ရာသီဥတု ပီပီ တစ်နေ့ထည်း နွေ ရော မိုးပါ ခံစားနိုင်သောနေရာ။ဆောင်းဥတုဆိုသည်တော့မရှိ။ မြူဆိုင်းသော မနက်ပိုင်းတို့ကို မပိုင်ဆိုင်။

တွေးနေတုန်းပင် မိုးစက်တွေခုန်ပေါက်ကျလာကြသည်။ တစ်ခဏအတွင်း ကတ္တရာလမ်းမကြီး၏ အနက်ရောင် က တစ်လက်လက်ထသွားသည်။ သစ်ပင်တွေ ယိမ်းနွဲ့ခုန်ပေါက် မိုးရေတွေသောက်သုံး ပျော်တစ်ပြုံးပြုံးဖြစ်နေကြသည်။ ပူလောင်အိုက်စပ်နေတာတွေ ကျောက်စက်ရေနဲ့ဖြန်းလိုက်သလို ငြိမ်းချမ်း အေးမြ သွားရသည်။

မိုးနဲ့အတူ လျှပ်စီးတွေကလည်း တစ်လက်လက် ၊ မိုးခြိမ်းသံတွေက တစ်ဂျိမ်းဂျိမ်း ၊ မိုးကြိုးတွေကလဲ ပစ်နေသေးသည်။ မိုးသည်းသည်းမှာ ကျောင်းတက်ခဲ့ရတဲ့ ငယ်ဘ၀တွေကို သတိရမိတော့သည်။

ယခု မေလလယ်။ ဇွန်လဆန်းဆို ကျောင်းတွေပြန်ဖွင့်တော့မည်။ လွယ်အိပ်လေးလွယ် ထီးလေးဆောင်း မိုးစက်တွေအောက်မှာ ကျောင်းတက်ရတော့မည်ဆိုတဲ့ အတွေးတွေနဲ့ ငယ်ငယ်က ပျော်ခဲ့ရဖူးသည်။ပျော်ခဲ့ကြဖူးသည်။

တစ်ခါတစ်လေ ကဆုန်လပြည့်က ရွာတဲ့မိုးက ဆက်သွားပြီး မိုးဦးကျ စောတဲ့ ရာသီတွေလည်း ရှိခဲ့ဖူးသည်။

ယခုတော့ ကဆုန်လပြည့်ကတောင် မိုးမရွာခဲ့ဟု ကြားရသည်။တစ်နေရာမရွာပေမယ့် တစ်နေရာတော့ရွာနေပေလိမ့်မည်ဟု ထင်ခဲ့သည်။

ကြားရသောသတင်းများအရ အခုထိပင် မိုးက တစ်ပေါက်မှမကျသေး။ ရေတွေလဲခမ်းခြောက်လို့ သောက်သုံးရေပင် အခက်တွေ့နေရပြီဟုဆိုသည်။ အဖွဲ့အစည်းများမှ တတ်နိုင်သမျှ လှူဒါန်းနေကြသည်များကိုလည်း ၀မ်းမြောက်ဖွယ်တွေ့နေရသလို ဒုက္ခခံစားနေရသူတို့အတွက်လည်း ၀မ်းနည်း ကိုယ်ချင်းစာမိသည်။

ကိုယ်ကိုယ်တိုင်လည်း မီးမလာ ရေပျက် အနေခက်လှသော နွေညများစွာကို ကြုံတွေ့ခဲ့ရဖူးသည်။ ဖြတ်သန်းခဲ့ရဖူးသည်။ မီးလာမလား ရေတင်ရမလား စောင့်စားရင်းအိပ်ပျက် မျက်တွင်းဟောက်ပက်ဖြစ်ရသော နွေများပင်။

မြန်မာပြည်ရဲ့ အဓိက လျှပ်စစ်အင်အားက ရေအားလျှပ်စစ်။ နွေဆိုလျှင် ရေနည်းသောကြောင့်ဖြစ်မည် မီးက အိမ်ရှိ လျှပ်စစ် မီးချောင်းများ ကျွမ်း မကျွမ်း လာစမ်းသည့် သဘောသာလာတတ်သည်။ ကန်ထရိုက်တိုက်မှာ နေသူမို့ ရေတင်ဖို့ဆိုတာလဲ မီးလာမှ လုပ်လို့ရသည့်အလုပ်တစ်လုပ်။ မီးလာတော့ လည်း ရေကမလာ။ ဒုက္ခတွေ ကြားမှာ ဗျာများရသည်မှာလည်း ဒါနွေရာသီဟဲ့ ဟု ကိုယ့်ကိုကိုယ် သက်သေပြသည်သည်ဟုပင် ထင်မိသည်။

ဒါကြောင့် နွေရောက်မည်ကို ကြောက်မိသည်။ မိုးရာသီဆိုလျှင် ဒီ ဒုက္ခများက အနည်းနှင့်အများတော့ သက်သာသေးသည်သာ။

ယခုလည်း ကိုယ်ကသာ အဝေးမှာမို့ ဒီအရာတွေမခံစားရပေမယ့် အပူဒဏ်ခံနေရရှာမယ့် အမေ နဲ့ အဖေကို သတိရသည်။ သူငယ်ချင်း မိတ်ဆွေတွေကို သတိရသည်။ သူတို့တွေကို အပူဒဏ်သက်သာစေချင်သည်။ မီးသာမှန်ရင် ပန်ကာတွေ ၊ လေအေးပေးစက်တွေနဲ့ တစ်နည်းမဟုတ်တစ်နည်း နေသာအောင် ပြုပြင်နိုင်ကြမည်။ ယခုတော့... ပူလျင်ပူသည့်အတိုင်း ယပ်တစ်ဖြတ်ဖြတ်ခတ် နေရုံမှ တစ်ပါး အခြားမရှိ။ ညဆို ပူလို့ အိပ်မှပျော်ကြပါ့မလား ။ ရေမှ လုံလောက်ပါ့မလား။ ဘုန်းကြီးကျောင်းဝင်းထဲက အ၀ီစိတွင်းမှာများ ရေသွားခပ်နေကြရမလား။ စဉ်းစားရင်း ရင်မောလာမိသည်။

မိုးတစ်ဖြိုက် နှစ်ဖြိုက်ဖြစ်ဖြစ်ရွာစေချင်ပါသည်။ မိုးများရင်လဲ လမ်းတွေရေမတင် အေးအေးဆေးဆေး သွားလာလို့ရစေချင်ပါသည်။

အရာရာ တိုးတက် အဆင်ပြေသော အဝေးမြေမှာနေဖို့ထက် ကိုယ့်မြေကို တိုးတက် အဆင်ပြေစေချင်သည်။

ဒါတွေက စိတ်ကူးယဉ်တာလဲ ဖြစ်ချင်ဖြစ်မည်။ ဒါပေမယ့် စိတ်ကူးမှ မယဉ်ရင် ပိုဆိုးမည်ထင်သည်။

သူလည်း ဘာမှ မလုပ်နိုင်ပဲနဲ့ဟု အပြစ်တင်သူတွေလည်း ရှိမည်။မည်သို့ဆိုစေ ကိုယ့်တွင် စိတ်ကူးယဉ်ခွင့်ရှိသည်။ မည်မျှကြီးကျယ်သောအလုပ်ဖြစ်စေ စိတ်ကူးယဉ်မှုက စသည်ဟု ယုံကြည်သည်။
စိတ်ကူးတို့သည် တစ်နေ့တွင် အကောင်အထည်ပေါ်စမြဲဖြစ်သည်။ စိတ်မျှမကူးလျှင်မူ ဘာမျှဖြစ်လာမည်မထင်။

ယခုဒီမှာတော့ မိုးကရွာနေဆဲပင်။ တစ်ဖွဲဖွဲကျလိုက် သည်းလာလိုက်။ လျှပ်စီးလက်လိုက် မိုးခြိမ်းလိုက်။

ဧကရီ

No comments:

Post a Comment