Sunday, May 27, 2012

ရန်ကုန်ကိုတစ်ခေါက်ပြန်တယ်...

ခုတစ်ခေါက်ရန်ကုန်ပြန်တော့ ဖေဖေ မေမေ တို့လာမကြိုကြဘူး
မကြိုဆို ကိုယ်က မကြိုနဲ့တော့လို့ပြောလိုက်တာ
အလုပ်ကိစ္စနဲ့ဆိုတော့ ရုံးကပဲလာကြိုတယ်လေ...
လာကြိုတဲ့ မန်နေဂျာကိုတစ်ကယ်ကျေးဇူးတင်ပါတယ်..
သူ့ခမျာ လေဆိပ်ထဲ ၀င်ကြိုတဲ့အပြင် ကိုယ့်ကျောပိုးအိတ်ကြီးပါ ထမ်းပြီး ၆ လွှာထိအောင်လိုက်ပို့ရှာတယ်...



အဲ...ရန်ကုန်ရောက်ရောက်ချင်း ပထမဆုံးကြုံရတာက ဖုန်းလိုင်းမမိတာပါ... ကိုယ်ပြန်သွားတဲ့ ၁၆ ရက်နေ့မှာ မနက်ထည်းက GSM တွေလုံးဝ ခေါ်မရဘူးဆိုပဲ... နေပြည်တော်လဲ ခေါ်မရ ၊ ရန်ကုန်လဲ ခေါ်မရ ၊ ဘယ်ကိုမှ ခေါ်မရတာပါ။

၁၁ နာရီ ခွဲလောက်မှ ခေါ်လို့ရတာနဲ့ အိမ်ကို ဖုန်းလှမ်းဆက်လို့ရတယ် ... လာကြိုတဲ့သူကိုပါ နေ့လည်စာကျွေးဖို့ ပြင်ဆင်ထားဖို့ အဲ့ဒီတော့မှပဲ လှမ်းမှာလို့ရတယ်...  တော်ပါသေးတယ် အလျင်မီလို့

အိမ်မှာက ကိုယ်ပါ ပါမှ သုံးယောက်ပဲ ရှိတဲ့ မိသားစုမို့ ကြိုပြောမထားရင် အပိုပြင်ဆင်ထားတာမျိုး မရှိတတ်ဘူး...  မေမေက တိတိကျကျပဲ ပြင်ဆင်တတ်လို့ပါ။

အိမ်ကိုရောက်တော့ ကိုယ်က အသက်သာသိပ်မကြီးသေးတာ ၆ လွှာကိုတက်ရတာသိပ်မောတာပဲ.. နှလုံးရောဂါများရှိနေလားတောင်မသိပါဘူး...။ ဖေဖေ မေမေ တို့က ၆၁ နှစ်ရှိနေပေမယ့် တက် ဆင်း နေတာ ပေါ့ပေါ့ပါးပါးပါပဲ... အကျင့်ပဲနဲ့တူပါတယ်။

ခုက အလုပ်တစ်ဖက်နဲ့ ၄ညအိပ် ပဲပြန်ဖြစ်တာမို့ ရောက်တဲ့နေ့ပဲ ရုံးကိစ္စရှင်းပြီးတာနဲ့ အမျိုးတွေအိမ် နဲ့ ယုဇနပလာဇာကို ခန၀င်ဖြစ်တယ်...
သူများမှာလိုက်တဲ့ ပစ္စည်းတွေသွားဝယ်တာပါ၊ အဲ...ကိုယ်လဲ မြန်မာ ချည်ထည် ၀မ်းဆက်နဲ့ ချုပ်ပြီးသားမြန်မာအင်္ကျီတစ်ထည် ၊ ကချင်ထမီ တစ်ထည်ဝယ်ဖြစ်ခဲ့တယ်။

စိတ်ပျက်တာတစ်ခုက ကြီးတော်တစ်ယောက်နဲ့လဲတွေ့ရော ကိုယ့်ကိုကြည့်ပြီးတော့ အသားတွေမည်းသွားကြောင်း ဆံပင်တွေလဲပွနေကြောင်း ၀ပြီး ဗိုက်ကပူနေကြောင်း မျိုးစုံ ပြောလိုက်တာ စိတ်ဓါတ်က အ၀ီစိထိတောင်ကျသွားတယ်

အေးလေ... မနက်က လေဆိပ်က ရောက်ပြီးထည်းက ဆက်တိုက် ပြေးလွှားနေတာ ရေလဲမချိုးရသေး ပြင်ဆင်ချယ်သဖို့ဆိုတာ ဝေ လာဝေး ဖြစ်နေတာကိုး... ကိုယ့်ကို စင်ကာပူမှာ အဆင်မပြေလို့ ရုတ်တရက်ပြန်လာတယ်များထင်နေလားလဲ မသိပါဘူး ( မကောင်းတဲ့ဘက်က မြင်တတ် တွေးတတ်သူတွေဆိုတာလဲ ရှိတာပဲ မဟုတ်လား ) တကယ်ဆို မောမောပန်းပန်း မအားတဲ့ကြားက လာတွေ့သူကို အမောဆို့အောင်တော့ မပြောသင့်ဘူးမဟုတ်လား
ပိုဆိုးတာက တစ်ချိန်လုံး အလှပြင်ဆိုင်သွားပြီးပြီလား  ဆံပင်ညှပ်ပြီးပြီလား လှအောင်ပြင်ဆင်ပြီးပြီလားပဲ မေးနေတာပါ.. 
ကိုယ့်မှာ အဲ့ဒီမေးခွန်းတွေကို လေယာဉ်ပေါ်မတက်ခင် လေဆိပ်ထဲက ဖုန်းဆက်ပြီး  နှုတ်ဆက်တဲ့ အထိဖြေနေရတယ်..
ကိုယ်ကလဲ ပြန်လာတဲ့အထိ ဆံပင်မပြင်ဖြစ်သလို အလှအပအတွက် ဘာမှမလုပ်ဖြစ်ခဲ့ပါဘူး...

အဲ့...ကိုယ်ရောက်တဲ့နေ့ကမိုးအုံ့ပြီး လေတွေတိုက်နေလို့ သိပ်မပူပါဘူး
နောက်နေ့ကစပြီး မိုးတွေရွာတာ အိမ်ပြန်လာတိုင်း မိုးမိတော့တာပါပဲ... မေမေကတော့ပြောတယ် မိုးရွာလို့တော်သေးတာ အရင်ရက်တွေက သိပ်ပူတာပဲ သမီးနေနိုင်မှာ မဟုတ်ဘူးတဲ့...။

မီးကတော့ပျက်တယ်... လာလိုက်ပျက်လိုက် လာလိုက်ပျက်လိုက် ဘယ်နှခါဖြစ်မှန်းမမှတ်မိပါဘူး.. မှတ်လဲ မထားတော့ပါဘူး...လာရင်လာတယ် ပျက်ရင်ပျက်တယ်ပေါ့...။

ရန်ကုန်မှာ ရှိတဲ့ရက်တွေအတွင်း သတိထားမိတာက ဘာမှ မထူးခြားတာပါ... မီးလဲ ပျက်လျက်.. ဖုန်းလိုင်းတွေလဲ ပျက်လျက်.. ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်လျက် ... လမ်းတွေလဲ ပျက်လျက်... ကားတွေလဲ ပိုက်ဆံပေးစီးရလျက်ပါပဲ...။

အဲ့.... အကြွေအမ်းစရာမလိုတဲ့ နတ်ပိုက်ဆံ ဆိုတဲ့ စာလုံးကြီးတွေ အကြီးကြီးရေးထားတဲ့ အနီရောင်ရုံးကြီးတွေတော့တွေ့ခဲ့တယ်... နတ်ပိုက်ဆံကတ် ( iPay card ) ကိုတော့ မမြင်ဖူးခဲ့ဘူး... ခေတ်မမီခဲ့ဘူး ဆိုပါတော့လေ....။



ဧကရီ
၂၇.၀၅.၂၀၁၂




No comments:

Post a Comment